ဖော်ပြချက်
ကိုယ့်ရဲ့စိတ်လေးကို ပြန်ဆန်းစစ်ကြည့်လိုက်တဲ့အခါ… ကိုယ့်ရဲ့စိတ်ဟာချမ်းသာနေတယ် ကြည်လင်ငြိမ်းချမ်းနေတယ်ဆိုတာ… လောဘ..ဒေါသ..မောဟ..မာနနဲ့ ဣဿာမစ္ဆရိယအစရှိတဲ့ စိတ်အညစ်အကြေးတွေ ကင်းစင်နေလို့ဖြစ်ပါတယ်..။ တစ်နည်းအားဖြင့် နေ့ရက်တိုင်းမှာ စိတ်ချမ်းသာစွာနေထိုင်ခြင်းဟာ…အကုသိုလ်စိတ်အညစ်အကြေးကင်းစင်စွာ နေထိုင်ခြင်းလည်းဖြစ်ပါတယ်…။ ကုသိုလ်စိတ်နဲ့ နေထိုင်ခြင်းလည်းဖြစ်ပါတယ်..။
ကိုယ့်ရဲ့စိတ်ဟာ မချမ်းသာဘူး… လို့ခံစားရတဲ့အခါ ပြန်ဆန်းစစ်ကြည့်လိုက်ပါ..။ လောဘ… ဒေါသ… မာန်မာနနဲ့.. မလိုမုန်းထားစိတ်တွေ… ဣဿာ မစ္ဆရိယစိတ်တွေ လွှမ်းမိုးချယ်လှယ်ခံနေရလို့ဖြစ်ပါတယ်…။ စိတ်မချမ်းသာခြင်းဟာ စိတ်အညစ်အကြေးတွေ… အကုသိုလ်စိတ်တွေနဲ့နေထိုင်ခြင်းဖြစ်ပါတယ်..။
နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်ထားပါ..။ ကုသိုလ်စိတ်ကလေးနဲ့ ကြည်လင်ငြိမ်းချမ်းစွာ နေထိုင်ကြည့်ပါ..။ ဒါဟာ ဘာနဲ့မှ လဲယူလို့မရတဲ့… အဆင့်မြင့်တဲ့ ဘဝနေနည်းတစ်ခုဖြစ်ပါတယ်…။
ကိုယ်တိုင် စိတ်ချမ်းသာစွာနေထိုင်တတ်သူဟာ… သူများကိုလည်း စိတ်ချမ်းသာအောင် ကူညီစောင့်ရှောက်ပေးတတ်ပါတယ်…။ စိတ်ချမ်းသာစွာနေထိုင်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ်ရော… သူများကိုပါ ပေးနိုင်တဲ့ လက်ဆောင်တစ်ခုလည်းဖြစ်ပါတယ်…။
ကိုယ့်ရဲ့စိတ်ချမ်းသာမှုထက် ဘယ်အရာက ပိုအရေးကြီးဦးမှာလဲ…။ ငွေကြေးစည်းစိမ်ချမ်းသာတွေက ကိုယ့်ကို စိတ်ချမ်းသာမှု မပေးနိုင်ပါဘူး..။ ကိုယ့်ဘဝကို အမြဲ ရောင့်ရဲတင်းတိမ်ကျေနပ်နေတဲ့စိတ်ကသာ ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်တာဖြစ်ပါတယ်…။ မလိုအပ်တဲ့နေရာတွေမှာ ကိုယ့်ရဲ့စွမ်းအင်တွေကို မသုံးဘဲ…အရာအရာတိုင်းကို ကိုယ်ဖြစ်စေချင်သလို လိုက်ပြီးချုပ်ထိန်းမနေဘဲ… မကျေနပ်တာ… အလိုမကျတာ… မုန်းတီးတာ…စတဲ့ စိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးချယ်လှယ်တာကို မခံဘဲ….သဘာဝအတိုင်းဖြစ်လာသမျှအခြေအနေတိုင်းကို လက်ခံပေးနိုင်ခြင်းဟာ… စိတ်ချမ်းသာစွာနေထိုင်ခြင်းဖြစ်ပါတယ်…။