ဖော်ပြချက်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ် (Self-Esteem)
"Self-Esteem ဆိုတာ အတွင်းလောက Inner Life အဆင့်အတန်းမြင့်တာကို ပြောတာပါ။ စိတ်ထားနဲ့ အသိဉာဏ်မြင့်လေလေ အတွင်းလောက Inner Life ကို တန်ဖိုးထားလေလည်း ဖြစ်ပါတယ်။ Self-Esteem ဟာ အတွင်းလောက စိတ်ချမ်းသာမှုလို့လည်း ဆိုနိုင်ပါတယ်။
Self-Esteem ဟာ စိတ်ထားမြင့်မြတ်မှုနဲ့သာ ရယူနိုင်မယ့်အရာဖြစ်တယ်။ တစ်နည်းအားဖြင့် ဘ၀ကိုနေပုံ၊ ကိုယ့်ဘ၀နဲ့ ဆက်စပ်သမျှ အရာအားလုံးအပေါ်ထားတဲ့ ကိုယ့်ရဲ့သဘောထားနဲ့ ဆက်ဆံရေးအပေါ်မှာ ကိုယ့်စိတ်ထားမြင့်မြတ်မှု ရှိမှသာ Self-Esteem ရှိမယ်။
Self-Esteem ဆိုတာ ဘ၀နဲ့ရင်းရတဲ့အရာပါ။ ကိုယ့်အတွင်းသားထဲမှာ ရှိနေတာ၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရတာ။ ဒါကိုလုပ်ရင်း ကိုယ့်ပီတိကို ကိုယ်ခံစားရတာ။ ကိုယ့်ကိုယ်ကိုယ် အရသာခံရတာပါ။
“တကယ်တော့ Self-Esteem ဟာ တစ်ကိုယ်တော် လျှောက်လှမ်းရတဲ့ ခရီး (Individual Journey) ပါ။ တစ်ပြိုင်တည်းမှာပဲ ဒါဟာ တစ်ယောက်တည်းလုပ်လို့ ပြီးတဲ့အလုပ်တော့ မဟုတ်ပါဘူး။ မိမိရဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး ကို ကောင်းစွာထိန်းကျောင်းထားရှိခြင်းဖြင့်သာ ရရှိမယ့် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့စိတ်ဟာ သူတစ်ပါးမပါရှိဘဲရနိုင်တဲ့အရာ မဟုတ်ပါဘူး။
သက်ရှိလောကသာမက သက်မဲ့ဖြစ်တဲ့ ရေမြေတောတောင် သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်တဲ့စိတ် မရှိပါဘဲလည်းရဖို့ မဖြစ်နိုင်ပါဘူး။ ‘တစ်လောကလုံးနဲ့ ကိုယ်နဲ့ ဆက်စပ်နေတယ်’ ဆိုတဲ့ မြင့်မြတ်တဲ့အသိတရားကြောင့်သာ လူဟာ လူအဆင့်ရောက်လာရတာ ဖြစ်ပါတယ်။” လို့ စာရေးသူက ဆိုထားပါတယ်။ "