ဖော်ပြချက်
" အမှောင်မိုက်ဆုံးပိုးအိမ်ကို ကျော်လွန်ပြီးမှ လှပတဲ့ အတောင်ပံတွေကို ဖြန့်ကျက်ခွင့်ရတာပါ…”
လူတွေဟာ နေ့စဉ်ဘဝမှာ မျက်နှာဖုံးအမျိုးမျိုးကို တပ်ဆင်ထားရတတ်ပါတယ်။ အဆင်မပြေပေမဲ့ “အဆင်ပြေပါတယ်” လို့ ပြောနေကြရတယ်၊ နာကျင်နေပေမဲ့ ပြုံးပြနေရတယ်၊ အားနည်းနေတဲ့ အချိန်မှာတောင်မှ “ငါ သန်မာရမယ်” လို့ ဟန်ဆောင်ထားရတဲ့ မျက်နှာဖုံးတွေပါ။ အပြင်ကကြည့်ရင် အရာအားလုံး ပုံမှန်လို့ထင်ရပေမဲ့ အဲဒီမျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာတော့ မမြင်ရတဲ့ နာကျင်မှုတွေ၊ မပြောဖြစ်တဲ့စကားတွေနဲ့ ရုန်းကန်နေရမှုတွေ ရှိနေတတ်ပါတယ်။
UNMASKED စာအုပ်ကို လိပ်ပြာလေးတွေရဲ့ ပြောင်းလဲခြင်း၊ လွတ်မြောက်ခြင်းနဲ့ မျှော်လင့်ခြင်းတွေနဲ့ Reflect လုပ်ကြည့်စေချင်ပါတယ်။ လိပ်ပြာလေးတစ်ကောင်ဟာ လှပတဲ့ အတောင်ပံတွေနဲ့ စတင်မွေးဖွားလာတာ မဟုတ်ပါဘူး။ မှောင်မိုက်လွန်းတဲ့ ပိုးအိမ်လေးထဲမှာ ဘယ်သူမှမမြင်နိုင်တဲ့ ပြောင်းလဲမှုတွေ၊ ရုန်းကန်မှုတွေကို အချိန်တစ်ခုကြာအောင် တစ်ကိုယ်တည်း ဖြတ်ကျော်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ အဲဒီအမှောင်ထုကို ကျော်လွန်ပြီး လှပတဲ့ အတောင်ပံတွေကို ဖြန့်ကျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
UNMASKED ဆိုတာ ကမ္ဘာကျော်တွေရဲ့ အတွင်းစိတ် ဖွင့်ဟဝန်ခံချက်တွေကို ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သူတို့တွေလည်း ဒီလိုပဲ ခံစားခဲ့ကြရပါတယ်။ သူတို့တပ်ထားတဲ့မျက်နှာဖုံးတွေရဲ့အောက်မှာလည်း အများသူငါ မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ရုန်းကန်ရမှုတွေရှိနေခဲ့ပါတယ်။
UNMASKED စာအုပ်ဟာ ကိုယ်တပ်ထားရတဲ့ မျက်နှာဖုံးတွေကို အတင်းအဓမ္မ ဆွဲချွတ်ပစ်ဖို့ မဟုတ်ပါဘူး။ ကိုယ် ဘာကြောင့် ဒီလိုမျက်နှာဖုံးတွေ တပ်ထားရသလဲဆိုတာကို နားလည်လာဖို့၊ ကိုယ့်ရဲ့ ခံစားချက်အစစ်အမှန်တွေကို လက်ခံနိုင်ဖို့၊ အဆင်မပြေတဲ့အခါ “အဆင်မပြေဘူး” လို့ ရဲရဲဝံ့ဝံ့ ပြောရဲဖို့နဲ့ လိုအပ်လာရင် တစ်ယောက်ယောက်ဆီ လက်လှမ်းရဲဖို့ပဲ ဖြစ်ပါတယ်။